Thursday, January 13, 2011

ခပ်လှမ်းလှမ်းက လှမ်းရင်းနဲ့ လွမ်း

ငယ်ငယ်က
မေမေပုံအောပေးခဲ့တဲ့ ဘ၀ဟာ
(တကယ့်ကို) နေပျော်ဖို့ ကောင်းခဲ့ရဲ့
အကာအရံမဲ့ လောကဟင်းလင်းပြင်ထဲ
မေမေ့ မှော်လက်တွေနဲ့ အုပ်မိုးလို့ အေးမြခဲ့
ပတ်ဝန်းကျင်ရဲ့ ညှီနံ့တွေထဲ
မေမေ့ သနပ်ခါးနံ့နဲ့ လန်းဆန်းခဲ့
အချိန်တွေ အကုန်မြန်လိုက်တာ မေမေ…

အတောင်အလက်စုံလာလေ
ဒဏ်ရာတွေ များလာလေ
လောကဓံအထုအထောင်းကောင်းလို့
ထုသားပေသားကျလာတဲ့ ဒီခန္ဓာမှာ
ဘာမှကို ထူးပြီး မခံစားချင်တော့တဲ့ အဆုံး
လွမ်းဖျားလွမ်းနာကျလို့
ကယောင်ကတမ်း စကားကိုဆိုရင်
မေမေလို့ခေါ်သံကလွဲပြီး
ဘယ်အသံကမှ ဒီထက်ပိုပြီး
တိုးလျညင်သာ သက်သာလွန်းတာ မရှိဘူး…

အရင်က
လောကကြီးကို မကျေနပ်ရင်
မေမေ့ကို တိုင်ပြောမယ်
အရာရာကို စိတ်တိုင်းမကျရင်
မေမေ့ကို ဂဂျီဂဂျောင်ကျမယ်
အခုအချိန် မေမေနဲ့ ဝေးတော့
ဘယ်သူ့ကို ပြောရပါ့မလဲ မေမေ…

ဖြစ်နိုင်ရင်ပေါ့ မေမေ
သဘာဝတရားရဲ့ တန်ပြန်မှုတွေနဲ့
ကြမ်းတမ်းမာကြောနေတဲ့ မေမေ့ ခြေထောက်တွေကို
ဆုပ်နယ်ချင်တယ်
သနပ်ခါး ပါးကွက်ကျားနဲ့
မေမေ့ ရဲ့ ပါးကို တဒင်္ဂဖြစ်ဖြစ် မွှေးကြူချင်တယ်
ဆန္ဒဟာ ဆန္ဒသက်သက်လောက်
အသွားထက်ပါစေသား…

မေမေရေ
လွမ်းတာလဲ လွမ်းတယ်
လှမ်းတာလဲ လှမ်းတယ်
ခြေလှမ်းတိုင်းမှာ အလွမ်းတွေအပြည့်နဲ့
အိမ်ပြန်လာချင်ရဲ့
အဝေးကြီး ဝေးခဲ့ပြီမေမေ
ဘယ်သူမပြု မိမိမှုတဲ့
အဲ့ဒီလိုနဲ့ ထပ်ခါတလဲလဲ ရွတ်ဆိုမိနေတဲ့
နှုတ်ခမ်းဖျားတွေဟာလည်း
မေမေ ကျန်းမာစေကြောင်း ဆုမွန်ကောင်းတောင်းမိတဲ့
ဟောဒီ နှုတ်ခမ်းဖျားတွေ…။။။


အမရာ
(ကောင်းကင်များ၏ အထ္ထုပ္ပတ္တိ ၂၀၁၀)
http://emayar.blogspot.com/

No comments:

Post a Comment