နင့်ကို....
လေဖြတ်၊ အားပြတ်စေချင်ယုံလေး
ကုရာ နတ္ထိ ဆေးမရှိစေချင်ယုံလေး
ဒေ၀ဒတ်လို
အသေမသတ်ချင်ဘူး သိလား...။
အဇာတသတ်လို
မာရ်နတ်လို
အသားမာ မတက်လိုဘူး
သမိုင်းတွေ ပျက်မှာ စိုးတယ်
နာဇီလို နာမည်ဆိုးတောင်
ကမ္ဘာဆီမှာ
မချန်ရစ်စေရဘူး...။
ငရဲပြည်မှာတောင်
ဗီဇာ မကျနိုင်တဲ့
ငနဲရေ....
နင့် အသက်တွေ
ပျင်းပျင်းရိ ရှည်ပါစေကွယ်...။
နင့်ကိုလေ...
ဝဋ် အကြောင်း
ကံတရား အကြောင်း
လူ့အခွင့်အရေး အကြောင်း
နူနာဆင်တွေ အကြောင်း
အကြောင်း အကြောင်းတွေကို
အောက်လမ်း ယတြာ မပါစေပဲ
သိနားလည်စေရမယ်ကွယ့်....။
ကျေးဇူးပြုပြီး
သက်ဆိုးရှည်ပေးပါ...
နင် မသိတဲ့
နင် မသိချင်တော့တဲ့
နင် မသိချင်ယောင်ဆောင်နေခဲ့တဲ့
အကြောင်းတွေရဲ့
အကျိုးတရားတွေကို
လက်တွေ့ သိစေဖို့
သက်...ဆိုး....ရှည်...ပေးပါ။
...ကလေးမ...
Thursday, November 11, 2010 at 11:23am
No comments:
Post a Comment